နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း ဇေယျာသီရိမြို့နယ်၌ ဖွင့်လှစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၁၈

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဦးစဝီလီဖရန့်၊ ဇေယျာသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက မြန်မာနိုင်ငံမှာ နှစ်စဉ် ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ မီးဘေးတို့ဖြစ်လေ့ရှိပြီး ငလျင်ဘေးကတော့ တစ်ခါတစ်ရံမှ ဖြစ်ပွားသော်လည်း ထိခိုက်မှုပြင်းထန်တာကိုတွေ့ရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်များရဲ့ သက်ရောက်မှုကြောင့် လူ့အသက်၊ အိုးအိမ်ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများစတဲ့ကဏ္ဍအလိုက် ထိခိုက်ဆုံးရှုံးမှုများနှစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး နေ့စဉ်လူမှုဘဝများမှာလည်း ဘေးအန္တရာယ်များရဲ့ ခြိမ်းခြောက်မှုကိုခံစားနေကြရပြီး နေပြည်တော်ကောင်စီနယ်မြေဟာလည်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ လေပြင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ကမ်းပြိုဘေး၊ မိုးကြိုးဘေးစတဲ့ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ခံစားခဲ့ရပါကြောင်း၊ ဇေယျာသီရိမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကျရောက်နိုင်ခြေများတဲ့ဒေသကို အမြဲမပြတ်လေ့လာစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စုဖွဲ့ခြင်း၊ ဘေးလွတ်ရာသို့ကြိုတင်ရွှေ့ပြောင်းခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဖြန့်ဝေခြင်း၊ နေပြည်တော်ကောင်စီသို့ ချက်ချင်းတင်ပြခြင်း၊ သဘာဝဘေးကျရောက်လျှင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်အောင် အစစအရာရာ စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်များကိုမဖြစ်အောင် တားဆီးလို့ မရနိုင်ပေမယ့် ဘေးအန္တရာယ်များရဲ့ သဘောသဘာဝကိုလေ့လာပြီးတော့ ကြိုတင်အစီအမံများရေးဆွဲထားခြင်း၊ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့နှင့် ပရဟိတအဖွဲ့အစည်းများကြား အချိတ်အဆက်မိမိဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင်ဆောင်ရွက်ထား ရမည်ဖြစ်ပါ‌ကြောင်း၊ ဒါ့အပြင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ပြုလုပ်ခြင်း၊ ဘေးအန္တရာယ်များဖြစ်ပွားလာပါက ကိုယ်ထူကိုယ်ထအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲများပြုလုပ်ပေးခြင်း သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစွာနဲ့ ရင်ဆိုင်တုံ့ပြန်နိုင်မှာဖြစ်ပါကြောင်း၊ ယခုသင်တန်းမှာ ပါဝင်တက်ရောက်နေတဲ့ သင်တန်းသား/သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သေချာစွာနားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များမှာ ဒေသခံပြည်သူလူထုနှင့် ပရဟိတအဖွဲ့အစည်းများရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍတွေဟာ ကောင်းမွန်ဖို့အလွန်အရေး ကြီးပါ‌ကြောင်း၊ သင်တန်သား/သင်တန်သူများအနေနဲ့ ယခုသင်တန်းမှ ဆည်းပူးလေ့လာထားတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းလမ်းကောင်းများ၊ ဗဟုသုတများနှင့် အတွေ့အကြုံကောင်းများကို ပေါင်းစပ်ပြီး မိမိတို့ရဲ့ရပ်ရွာ၊ ရပ်ကွက်မှသည် တိုင်း/ခရိုင်/မြို့နယ်အဆင့်ထိ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် ထိရောက်စွာ ပြန်လည်အသုံးချပြီး ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာအောင် အကောင်းဆုံးစီမံဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဦးစဝီလီဖရန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်အတွင်းမှ သင်တန်းသား/သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါး သက်သာစေရေးနည်းလမ်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်ဆုံးရှုံးနိုင်ခြေ လျော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်းအကြောင်းအရာများကို ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)