လယ်ဝေး ဇွန် ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက လူငယ်စကား ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) ရှားချောင်း Grade.11မှ မအိမ့်မှူးဟေသာက လူငယ်နှင့်စာဖတ်ခြင်း၊ Grade.11 မှ မသူဇာမိုးက လူငယ်နှင့်စာရိတ္တ၊ Grade.11 မှ မောင်ကျော်ကြားမောင်က လူငယ်နှင့်ရည်မှန်းချက်၊ Grade-9 မှ မဖြူစင်ကြယ်က လူငယ်နှင့်ကျန်းမာရေး၊ Grade-8 မှ မောင်သော်ဇင်ထွန်းက လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်ပြန်လည် ဖြေကြားပေးသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)