ပုဗ္ဗသီရိမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဇွန် ၁၈

အခြေခံပညာဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ လူငယ်များ လမ်းမှားမရောက်စေဘဲ အကောင်းမြင်စိတ်နှင့် မှန်ကန်သော အတွေးအခေါ်များ ရရှိစေရန်၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ဗဟုသုတနှင့် ခေါင်းဆောင်မှု စွမ်းရည်များ တိုးတက်လာစေရန်၊ အနာဂတ်ဘဝရည်မှန်းချက်ပန်းတိုင်များကို စနစ်တကျချမှတ်နိုင်ရန်နှင့် မိမိကိုယ်ကျိုးအပြင် ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် တာဝန်သိစိတ် ရှိလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) က ဗလငါးတန်ဘဝအားမန် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ‌ပုဗ္ဗသီရိမြို့နယ်၊ ထုံးဘိုရဲစခန်းမှ ဒုတိယရဲမှူး မောင်မောင်သိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြောင်းကိုလည်းကောင်း၊ ဒုတိယရဲအုပ် အောင်မင်းဦးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ ဒုတိယရဲအုပ် နိုင်စိုးအောင်က ဆက်သွယ်ရေးဥပဒေအကြောင်းကိုလည်ကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖောင်းဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက လူငယ်ရေးရာ အသိပညာပေးဟောပြောပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊စာစောင်များလှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)