ဖောင်းပြင် ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးလွင်ထွန်းက မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ လက်တွေ့မီးငြိမ်းသတ်နည်းလေ့ကျင့်ခြင်းနှင့် ရေဘေးအန္တရာယ်၊ ငလျင်ဘေးများအန္တရာယ်များ ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လက်တွေ့ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)