ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ပေါင်     ဇွန်     ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  ဝန်ထမ်းများက သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)