သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သထုံ   ဇွန် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိမိခိုင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် သတိပြုကာကွယ်ရေး သိကောင်းစရာတို့ကိုလည်းကောင်း၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးက မိုးရာသီကာလအဖြစ်များသည့်ရောဂါများနှင့် ဂရုပြုနေထိုင်ရမည့် အချက်များကို လည်းကောင်း ဆွေးနွေးဟောပြောကြရာ ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား‌ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်