ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၂၇၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၂၇၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၈၉၃၈ ဧက လျာထားတဲ့အနက် လက်ရှိအချိန်အထိ ၂၇၉၇ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ တောင်သူတွေ မေလက စတင်စိုက်ပျိုးခဲ့ကြပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံကို ပဲစင်းငုံနဲ့သီးညှပ်စိုက်ပျိုးသလို သီးသန့်လည်း စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ အစေ့ထုတ်ပြောင်း စိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေးပညာပေးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ‌များ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ