ဇမ္ဗူသီရိ ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သဉ္ဇာနွယ်က အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေး၊ အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးနှင့် အခွန်ဆိုင်ရာ ပြဌာန်းချက်များအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင် စုစုပေါင်း ၁၀၀ဦးခန့် တက်ရောက်ခဲ့ပြီး အခွန်ထမ်းအမျိုးအစားများနှင့် ဝင်ငွေခေါင်းစဉ်အလိုက် ကျသင့်ဝင်ငွေခွန်နှုန်းထားများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)