ရွှေဘို ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရွှေပြည်တန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေပြည်တန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က မီးဘေးအန္တရာယ်၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး 191 Report Applitaion အသုံးပြု၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက သတင်းပေးပို့နိုင်မှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသုတစိုးမှ လေဘေး၊ ငလျင်ဘေး၊ ရေဘေးဆိုင်ရာများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောလပြည့်ဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီးနောက် ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မြတ်တိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်ကယ်ပစ္စည်း အသုံးပြုမှုအား ပြသခြင်း၊ ဆီမီးလောင်မှုနှင့်ဂက်စ်အိုး မီးလောင်မှုအား ရေစိုအဝတ်၊ မီးသတ်ဆေးဘူးတို့ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးငြိမ်းသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းတို့အား ရွှေပြည်တန်ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)