တမူး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမရက် (၁၀၀) စီမံချက်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီက AG၊ ADULUM ၊ PHEBE မူကြိုကျောင်းတို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သောနေရာများတွင် (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်း၊ ဆေးဖြန်းခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ် (Abate) ဆေးခတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများအား ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု၊ ခြင်ခိုအောင်းမှုလျှော့နည်းစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေ ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေး ပြောကြားခဲ့ကြသည်။
အဆိုပါသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အလားတူ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများနှင့် ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာ