ဥတ္တရသီရိ ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပသည်။
ဦးစွာ ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရသီရိမြို့နယ်ရဲတပ်ဖွဲ့ ဘုရားကုန်းမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်စိုးလင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်အကြောင်း၊ ဥတ္တရသီရိမြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟန်မျိုးဝင်းက မူးယစ်ဆေးဝါး၏ ပြစ်မှုနှင့်ပြစ်ဒဏ်ဆိုင်ရာဥပဒေအကြောင်း၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဥတ္တရခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေညိုက ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးမေးခွန်းများမေးမြန်းကာ ပြန်လည်ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါငြိမ်းငြိမ်းဌေးအား ကျောင်းဘက်စုံသုံးရန်ပုံငွေနှင့် ဟောပြောဆွေးနွေးခဲ့သူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။
ယင်းနောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ ထို့နောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်းသိသည်။
အောင်မျိုးဝင်း(ဥတ္တရ)