လေရှီး ဇွန် ၂၄
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အ.ထ.က.ကျောင်းသီတဂူဆောင်ခန်းမ၌ ယနေ့ညနေ (၂) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံကျော်ဦးက “အနာဂတ်ပန်းများပွင့်လန်းဖို့၊ မူးယစ်အန္တရာယ်ကာကွယ်စို့” ဟူသောခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး လေရှီးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်လွင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့ရာ ထိုင်းမှိုင်းဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေး၊ အာရုံခြောက်ခြားဆေးနှင့် အငွေ့ပြန်ဓာတုပစ္စည်းဆေးစသော မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးအကြောင်းကို ရုပ်ပုံများနှင့်တကွ ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးခိုင်ငြိမ်းချမ်းက ကျောင်းသား/သူများကို မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးများကို လက်တွေ့စမ်းသပ်ခြင်းများ မပြုလုပ်မိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကိုရှောင်ကြဉ်ရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကိုယ်တွေ့ ကြုံခဲ့ရသည့်ဖြစ်ရပ်မှန်ကို ကျောင်းသား/သူများအား ဥပမာပေး၍ ဟောပြောခဲ့သည်။
ထို့နောက် လေရှီးမြို့၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ပြည့်ဖြိုးအောင်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ခင်းကျင်းပြသထားမှုအား အားပေးကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အ.ထ.ကကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၅) ဦး တက်ရောက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)