စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

တမူး သြဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်း ပေးအပ် ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တမူးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရိုထန်ပွီးယာ တို့မှ အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဥမ္မာ က စီမံကိန်းရန်ပုံငွေဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စီမံကိန်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆရာစံကျေးရွာ၊ ကွန်းတောင်း (ဟောင်း)ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ပန်းသာကျေးရွာ၊ ခွန်မွန်းနွံကျေးရွာ၊ ဝိတုတ်(သစ်)ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ကြရာ ကျေးရွာ ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။


အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)သည် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ် တောင်သူများစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သော ငွေကြေး အရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တမူးမြို့နယ်တွင် အိမ်ခြေ (၁၀၁)နှင့် အထက်ရှိကျေးရွာများအား တစ်ရွာလျင်ကျပ်သိန်း(၃၀၀)ဖြင့် ကျေးရွာ(၅)ရွာ၊အိမ်ခြေ(၅၁)နှင့်(၁၀၀)ကြားကျေးရွာ(၁)ရွာအား ကျပ်သိန်း(၂၀၀) မြို့နယ်အတွင်း စုစုပေါင်း(၆)ရွာအား ကျေးရွာအိမ်ခြေအလိုက် မတည်ရန်ပုံငွေများ ပေးအပ်ခဲ့တာဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းထံမှသိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)