၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဒက္ခိဏသီရိ  ဩဂုတ်  ၆

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးတင်မြင့်က ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကလည်း မိမိတာဝန်ကျရာ နယ်မြေများသို့ ကွင်းဆင်းဆောင်ရွက်စေလိုကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် သန့်ရှင်း သော လူမှုအဖွဲ့အစည်း ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက နယ်မြေကွင်းဆင်းရာတွင်တွေ့ရှိရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌက ဆွေးနွေးတင်ပြချက် များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဇူလိုင်လ (၂၅)ရက်နေ့မှစ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေငြာခဲ့ရာ ယနေ့အထိ မဲစာရင်း တွင် အမည်မပါ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၄၆၈၈)ဦး၊ မဲဆန္ဒရှင်စာရင်းတွင်မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၁၅၅၁)ဦးနှင့် ကိုယ်ရေး အချက်အလက်မှားယွင်း၍ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ (၂၇၄၀) ဦးရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)