ဘုတလင် ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင် ဆန်းမြင့် ကျေးရွာများတွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်သဖြင့် ငှက်ပျော စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရသည်။
ဘုတလင်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငှက်ပျောစိုက်ဧက ၂၆၉၆ ဧကအထိ ရှိလာ ခဲ့ပြီး ဘုတလင်မြို့နယ်မှ ထွက်ရှိသည့် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို ရန်ကုန်၊ မန္တလေးနှင့် ဖားကန့် ဒေသသို့ ငှက်ပျောဖီးရေ ၄၀၀၀ ကျော် ဆံ့သည့် ခြောက်ဘီးကားများဖြင့် နေ့စဉ်နီးပါး တင်ပို့ပေးနေရကြောင်း သိရသည်။
“ငှက်ပျောကို ကျွန်တော်တို့ ကျေးရွာ ၄ ရွာမှာ ရေဘုတလင်မြစ်ရေတင်လုပ်ငန်းက ပေးတဲ့ မြစ်ရေနဲ့ အဓိက ထားစိုက်တော့ အောင်မြင်ဖြစ်ထွန်းပါတယ်။ ငှက်ပျောဈေးကလည်း တစ်ဖီးကို ၇၀၀ ကျော် ၈၀၀ အထိ ရပါတယ်။ ငှက်ပျောက တစ်ဧကကို သိန်း ၃၀ လောက်အထိ အမြတ်ရတော့ အခြားသီးနှံဖြစ်တဲ့ ဂျုံ၊ ကုလားပဲတို့ ထက်လည်း ဝင်ငွေကောင်းတယ်။ ဈေးကွက်လည်း ခိုင်မာတော့ အခုဆိုရင် ကျွန်တော်တို့ ဒေသမှာ ငှက်ပျောစိုက် ဧကတွေ တိုးချဲ့စိုက်လာကြတယ်”ဟု ငှက်ပျောစိုက ်တောင်သူ ဦးတင်ထွေးက ပြောသည်။
ဘုတလင်မြို့နယ်ရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့်ကျေးရွာများတွင် ကျောက်စိမ်းဖီးကြမ်း ငှက်ပျောကို တစ်ဧကလျှင် အပင် ၇၀၀ ကျော်အထိ စိုက်ပျိုးကြပြီး ရွှေငှက်ပျောနှင့် ခွံဝါငှက်ပျောမျိုးများကိုလည်း စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဖိုးခါး