ကလေး၀မြို့နယ်၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကလေးဝ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင် အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ အုန်းပင်စု‌ကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ယမန်နေ့မွန်းလွဲ ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါ (CFW) စီမံကိန်းဖြင့် အုန်းပင်စုကျေးရွာအား (Pilot Village) အဖြစ် စတင်လုပ်ငန်း‌ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လမ်း အရှည် (၁၁၀၀) ပေ အထိဂျင်းမြေဖြန့် ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးနှင့် ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းကျေးရွာကော်မတီဝင်များက ကွင်းဆင်း၍ကြည့်ရှုခဲ့သည်။

(CFW) စီမံကိန်းကို “ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)နဲ့ ဆောင်ရွက်နေ တာဖြစ်ပါတယ်၊ ကျေးလက်နေ ပြည်သူတွေ အနေနဲ့ ကိုဗစ်-၁၉ရောဂါကာလမှာ အသေးစား စီးပွားရေး လုပ်ငန်းတွေ အပြင်ရွာတွင်း တိုးချဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက် နေတာဖြစ်ပါတယ်၊ ကျေးရွာတွေမှာ လိုအပ်တဲ့ ရေနုတ် မြောင်းတူး ဖော်တာတွေ၊ ကျေးရွာသုံး အဆောက်အဦနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ပြုလုပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ သုံးလတာ ကာလတိုအတွင်းမှာပြီးစီးမယ့် လုပ်ငန်းတွေကို ရွေးခြယ် ဆောင်ရွက်နေ တာဖြစ်တယ်”လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက ရှင်းပြခဲ့သည်။

Cash For Workစီမံကိန်း၏ ခွင့်ပြုငွေ (၆၀) ရာခိုင်နှုန်းအား လုပ်အားခငွေအဖြစ် အသုံးပြုပြီး (၄၀) ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူရန် သုံးစွဲမည်ဖြစ်သည်။ ကလေးဝမြို့နယ်တွင် ကျော်ဇင်အုပ်စု၊ အုန်းပင်စုကျေးရွာနှင့် စခန်းကြီးကျေးရွာ၊ တုန်နန်းအုပ်စု၊ မာန်လုံကျေးရွာ၊ ရှဲဂန်းအုပ်စု၊ ခေါမကျေးရွာ၊နန်းပင်းအုပ်စု၊ဟင်တင်ကျေးရွာ၊ မိုးကောင်းအုပ်စု၊ စင်းပဲကျေးရွာ၊ စုစု ပေါင်း ကျေးရွာ(၆)ရွာ တို့အား ရွေးခြယ်ထားပြီး ကော်မတီများ ဖွဲ့စည်း ကာ စီမံကိန်းလုပ်ငန်းများကို သုံးလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)