နွေရာသီ ရေရှားပါးမှု မရှိစေရေး စက်ရေတွင်းများ တူးဖော်ပေး

ကောလင်း ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ ပူပြင်း ခြောက်သွေ့သော နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေး နှစ်အတွင်း စက်ရေတွင်းများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်များဖြင့် ကျေးရွာပေါင်း(၇)ရွာတွင် တူးဖော်ပေးလျှက်ရှိရာ ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာတွင် စက်ရေတွင်း တူးဖော်ပြီးစီးမှု အခြေအနေများကို ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၁၂.၇၅သန်းဖြင့် စက်ရေတွင်း အနက်ပေ(၄၀၀)ပေ၊ဂါလံ(၂၀၀၀)ဆန့် ရေစုကန် တည်ဆောက်ခြင်းကို သိန်းသန်းရတီကုမ္ပဏီမှ ဇန်နဝါရီလမှစတင်၍ တူးဖော်ခဲ့ရာ မတ်လ ၂၃ရက်နေ့တွင် တူးဖော်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အခုစက်ရေတွင်း အောင်မြင်ပြီဖြစ်တဲ့အတွက် အိမ်ခြေ(၈၈)အိမ်၊ လူဦးရေ (၄၃၀)ကျော်အတွက် သောက်သုံးရေ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာတွင် ရေမီတာစနစ်ဖြင့် ရေပေး ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေစက်ရုံ၊ ရေကန်များ ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းများကို ကျေးရွာမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေရရှိရေး ကော်မတီများမှ ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)