စစ်ကိုင်း မေ ၁၃
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန စစ်ကိုင်းမြို့ ပိုးတန်းအားကစားကွင်း၌ အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (စစ်ကိုင်းဇုန်) ပွဲစဉ် (၁) ပြိုင်ပွဲကို မေ(၁၂) ရက် ညနေ(၄)နာရီက အဆိုပါ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအောင်သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်မင်းသန်းနှင့် စစ်ကိုင်းခရိုင်စီမံကိန်းဦးစီးမှူး ဦးစိုးလှိုင်ဦးတို့က အလျား (၁၀၇) ပေ၊ အနံ(၂၄)ပေ၊ သွပ်မိုး အာရ်စီနှစ်ထပ် အထူးတန်းပွဲကြည့်စင်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (စစ်ကိုင်းဇုန်)ပွဲစဉ်(၁)အဖြစ် ခန္တီးခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ခန္တီးခရိုင်အသင်းက ကလေးခရိုင် အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ မုံရွာဇုန်တွင်(၆)သင်းနှင့် စစ်ကိုင်းဇုန်တွင် (၅) သင်း စုစုပေါင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံထံမှသိရှိ ရသည်။ မျိုးဝင်း(ပြန်/ဆက်)