နေပြည်တော်ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆေးရုံနှင့်အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တပ်ကုန်း  မေ   ၁၄

နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့်ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်ကြသော အထက(၈)၊ အထက(၄)၊ အထက(၁)၊ အထက(၂)၊ ဗိုလ်မင်းရောင် အထက်တန်း ကျောင်း(ခွဲ)၊တပ်ကုန်းပြည်သူ့ဆေးရုံ(ခုတင်၁၀၀)နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင် အထက်တန်းကျောင်း၊ ကျောက်ချက်အထက်တန်းကျောင်းတို့ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 နေပြည်တော်ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ပညာရေးမှူးရုံး၊ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်းအုပ် ကြီးများက ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းရှိ ကျောင်းသားနှင့်ဆရာ/ဆရာမ အချိုး၊ စာသင်ခန်းများဖွင့်လှစ်သင်ကြားနိုင်ရေး စီမံ ထားရှိမှု၊ ကျောင်းစာကြည့်တိုက်နှင့်ကျောင်းကျန်းမာရေးဆေးခန်းအခြေအနေများ၊ စာသင်ခန်း များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန်များစီစဉ်ထားမှု၊သင်ထောက်ကူပစ္စည်းများဆောင်ရွက်ထားမှုအခြေအနေများ၊ကျောင်း ကြို/ပို့ယာဉ် ပြေးဆွဲမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အပူချိန်တိုင်း ကိရိယာများ၊ လက်ဆေးဘေစင်နှင့်လက်ဆေးဆပ်ပြာများ၊ Hand Jel ၊နှာခေါင်းစည်း(Mask)များ စီစဉ်ထားရှိမှု၊သောက်သုံးရေ ရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်း များပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆရာ /ဆရာမများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင် လိုအပ်သည့်အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရေး ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တပ်ကုန်း ပြည်သူ့ဆေးရုံ(ခုတင် ၁၀၀)ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းနှင့်ဝန်ထမ်းများက ဆေးရုံတွင် လူနာများကုသဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမောင်မောင်နိုင်က ကျောင်းဆရာ/ဆရာမများအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ကျောင်းသူများအား  ပိုမိုယဉ်ကျေး လိမ္မာပြီး စံပြကျောင်းသား၊ကျောင်းသူများဖြစ်ပေါ်စေရေးနှင့် အောင်ချက်ရာခိုင်နှုန်းမြင်မားအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ တင်ပြချက်များနှင့်ပတ်သက်၍ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉စည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ရေး၊ ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရေးနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီ၊ မီးသတ်၊ရပ်ကွက်/ကျေးရွာအုပ်စုမှ သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးစေရေး၊ ဆရာ/ဆရာမများ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျန်းမာရေးဦးစီး ဌာနမှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးလိုအပ်သော ဆေးရုံနှင့် ကျောင်း များကို ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

 ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များက ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

  တင်စိုးလွင် (ပြန်ဆက်ရုံး)