နေပြည်တော် မေ ၁၅
၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်မည့် ဌာနများ / မြို့နယ်များအလိုက် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ အနေဖြင့် ဒေသနေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေး၊ သောက်သုံးရေဖူလုံမှုရှိစေရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရေး၊ စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်စေရေးအတွက် အဓိကရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းလုပ်ငန်း (၈၄၀)ခု၊ ကျပ်သန်းပေါင်း (၆၁၇၉၈.၁၇၉)ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျေးလက် ဒေသနေ ပြည်သူများ လူနေမှုဘဝ မြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုးရေ လုံလောက် မှုရှိစေရေး၊ ရေပေးဝေရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်ရေစီးရေလာ ကောင်းမွန်ရေး အတွက် တာဘောင်ဆယ်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆည်များကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများ အတွက် လိုအပ်ချက်များရှိပါက ဦးစားပေးထည့်သွင်းတင်ပြရန် လိုအပ်ပါကြောင်း ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ နေပြည်တော် အတွင်း ထပ်မံဆောင်ရွက်ရန် အမှန်တကယ် လိုအပ်လျက်ရှိသည့် လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီး၊ အခြားလုပ်ငန်းများအား သက်ဆိုင်ရာဌာနများ / မြို့နယ်များမှ ကွင်းဆင်းစိစစ်၍ မြေပြင်လက်ရှိ အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ရန် လိုအပ်သည်များကိုသာ စနစ်တကျထည့်သွင်း တင်ပြတောင်းခံသွားရန် ၊ လုပ်ငန်းပြောင်းဆောင်ရွက်မှုများ မဖြစ်ပေါ်စေ ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညွန်ကြားချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့နယ်(၈)မြို့နယ်မှ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များကို အသီးသီး အသေးစိတ်ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်ပြီး တင်ပြချက်များအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)