ဥတ္တရသီရိ မေ ၁6
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နေ့ နံနက် ၁၀ နာရီခွဲ၌ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့အနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို (၂) ဖွဲ့ခွဲပြီး ဆောင်ရွက် ပါတယ်၊ စစ်ဆေးတဲ့အခါမှာလည်း စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားမှုအခြေအနေ၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီမံထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်များ၊ လက်ဆေး ဆပ်ပြာများ၊ Mask များ စီစဉ်ထားရှိမှုအခြေအနေနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းစစ်ဆေးပါတယ်၊ ကျွန်တော်တို့ စစ်ဆေးပြီးရင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက လာရောက်စစ်ဆေးသွားမှာပါ၊ ဥတ္တရသီရိမြို့နယ်အတွင်း၌ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်း စုစုပေါင်း (၅၅) ကျောင်းရှိပြီး ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မေလ(၁၁)ရက် နေ့က စတင်ပြီးဆောင်ရွက်ခဲ့တာပါ” ဟု ဥတ္တရသီရိမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။
ထို့နောက် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် အဆိုပါ ကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ/ဆရာမများအား မြို့နယ်ပညာရေးမှူးက တွေ့ဆုံ၍ အခြေခံပညာကျောင်းများကို မေလ(၂၄)ရက်မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည့် အခြေအနေများ၊ ကျောင်းများပြန်လည် ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ထားရှိ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို