ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ရေလိုအပ်ချက်နည်းသည့် စပါးအစွမ်းဖွင့် စိုက်နည်းစနစ် (SRI) ကို လက်တွေ့အသုံးချစိုက်ပျိုးနိုင်ရေး သင်တန်းပို့ချ

ရွှေဘို  ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ရေလိုအပ်ချက်နည်းသည့် စပါးအစွမ်းဖွင့်စိုက်နည်းစနစ် (SRI)ကို လက်တွေ့ အသုံးချ စိုက်ပျိုးနိုင်ရေး ယမန်နေ့ နံနက် (၉) နာရီက အဆိုပါ ကျေးရွာဘုန်းကြီးကျောင်းတွင် သင်တန်းပို့ချသည်။

ရှေးဦးစွာ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက မိမိတို့ဒေသရှိ တောင်သူများ အနေဖြင့် သဖန်းဆိပ်ဆည်ရေကိုသာ အဓိကအားပြု၍ စိုက်ပျိုးနေရကြောင်း၊ ယခုနှစ်တွင် ဆည်ရေပေးဝေမှု လျော့နည်းတဲ့အပေါ်မှာ ရေလိုအပ်ချက်နည်းသော စိုက်ပျိုးရေးနည်းစနစ်များ အဓိကလိုအပ် လာကြောင်း ပြောကြားခဲ့သည်။ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ(ငြိမ်း) ဆရာကြီး ဦးသိန်းဆုမှ (SRI) စိုက်ပျိုးရေး၏ အခြေခံသဘော တရားများ၊ သတ်သတ်မှတ်မှတ် လိုက်နာဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များဖြစ်သော မျိုးစေ့ရွေးချယ်ခြင်း၊ ပျိုးထောင်ပုံ ထောင် နည်းများ၊ စိုက်နည်းစနစ်များ၊ ရေအထုတ်အသွင်း နည်းစနစ်များကို အသေးစိတ် ရှင်းလင်းပို့ချခဲ့ပြီး တက်ရောက်လာသော တောင်သူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ စပါးအစွမ်းဖွင့်စိုက်နည်းစနစ်(SRI)ဖြင့် စိုက်ပျိုးမည့် တောင်သူ(၄၃)ဦးနှင့် စိုက်ပျိုးရေးကွင်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရွှေဘိုမြို့နယ်တွင် (SRI)စနစ်ဖြင့် စိုက်ပျိုးမည့် မိုးစပါဧက(၂၀၀)ခန့်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ထံမှသိရသည်။

ထွန်းမြင့်အောင် (ရွှေဘို)