လွိုင်ကော် သြဂုတ် ၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ပိုင်းက လွိုင်ကော်မြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ များ မဲပေးရာတွင် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ မဲဆန္ဒရှင်များ၏ မဲစာရင်းများ မှန်ကန်မှုရှိ/မရှိ သိရှိနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များမှ တစ်အိမ်တက်အိမ်ဆင်း သွားရောက်ပြသ စစ်ဆေးအသိပေးသွားရန်၊ စစ်ဆေးရေးအဖွဲ့များမှ ပုံစံ(၃) ၊ ပုံစံ (၄) ၊ ပုံစံ (၄-ဂ) တစ်ပါးတည်း ယူဆောင်သွားရန်နှင့် လိုအပ်သူများအတွက် ဖြည့်စွက်ပြီး ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့သွားရန် စသည့်လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြား ပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မွန်မှ မဲစာရင်းများတွင် ပါဝင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ လိုအပ်မှုများ၊ မှားယွင်းနေမှုများနှင့် ပတ်သက်၍ မြေပြင်အခြေအနေ ကွင်းဆင်း စိစစ် ဆောင်ရွက် နေသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြေကြားရာ တက်ရောက် လာကြသော ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိလိုသည်များမေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာန ၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ နှင့် ရပ်ကွက် ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)