ပုဗ္ဗသီရိ ဩဂုတ် ၇
ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာခြင်းကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့ထိ ၁၄ ရက်သတ်မှတ်ထားသော်လည်း မဲဆန္ဒရှင်စာရင်း ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့်တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် အချိန်ပိုမိုရရှိစေရန် အတွက် ဩဂုတ် ၁၄ ရက်နေ့ထိ ထပ်မံတိုးမြှင့်၍ ကြေညာပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု များ အား ယနေ့ နံနက်ပိုင်းမှစတင်၍ တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(ပုဗ္ဗသီရိမြို့နယ် တာဝန်ခံ) ဦးမြသောင်း၊ ဦးဝင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးစန်းလွင်၊ အတွင်းရေးမှူး ဦးရှိုင်းအောင်နှင့် တာဝန်ရှိသူတို့က ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ ဇီးကုန်းကျေးရွာ၊ ဂုံမင်းကွင်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ဖြုတ်ခွဲကျေးရွာ၊ ညောင်လူးကျေးရွာနှင့် ပုဇွန်ဆိပ်ကျေးရွာများရှိ ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြေညာထားသည့်မဲဆန္ဒရှင် စာရင်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဥတ္တရခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေ စာအုပ်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈) နှစ်ပြည့် ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း ရှစ်သောင်းဝန်းကျင်ခန့်ရှိပြီး မဲရုံပေါင်း(၇၇)ရုံ လျာထား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ကံချွန်(ပြန်/ဆက်)