ကောလင်း သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ဖြင့် ဇမ္ဗူရာဇ်ကျေးရွာ၊ ပန်းမရဲကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အောက်ကလုံးကျေးရွာ၊ ငါးကြီးအိုင်ကျေးရွာ၊ ပန်းတင်ကျေးရွာ အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ပြီး စက်ရေတွင်းတူးဖော်ပေးလျက်ရှိရာ ငါးကြီးအိုင်ကျေးရွာ နှင့်အောက်ကလုံးကျေးရွာ စက်ရေတွင်း တူးဖော်မှုမှာ ပြီးစီးနေပြီ ဖြစ်ကြောင်း ဦးအောင်စိုးမင်း (အငယ်တန်းအင်ဂျင်နီယာ-၂) ထံမှ သိရသည်။
ဇမ္ဗူရာဇ်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၄ဒဿမ၇၂သန်း)၊ ပန်းမရဲကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၈ဒဿမ၃၉သန်း)၊ ရွာသစ်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၈ဒဿမ၃၉သန်း) ဖြင့် မြတ်သွယ်မြောင်ကုမ္ပဏီကလည်းကောင်း၊ ငါးကြီးအိုင်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၄ဒဿမ၃) သန်း၊ ပန်းတင်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၈ဒဿမ၃) သန်း၊ အောက်ကလုံးကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၈ဒဿမ၃) သန်းဖြင့် ဆန်းသစ်ခေတ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စက်ရေတွင်းများတူးဖော်နေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ် ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် ဝန်ထမ်းများက ယမန် နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)