မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၁၅၅)ဦး ရောက်ရှိကြိုဆိုနေရာ ချထား

မော်လမြိုင် ဩဂုတ် ၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် ကျား(၇၄)ဦးနှင့်မ(၈၁)ဦး စုစုပေါင်း(၁၅၅)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။

ထိုသို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေး စခန်းမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြု၊ တပ်ဖွဲ့ အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ် ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီးအာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ်တို့အားရယူ၍ COVID-19 ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင် စစ်ဆေး သွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၉၉၅၉)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)