ကန့်ဘလူ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်တွင် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပရာ မြို့ပေါ် ကျောင်းတိုက်များရှိ ပင့်သံဃာ ဆရာတော် သံဃာတော် ၂၃၄ ပါး၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဆရာလေး ၄၁ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်းထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက စုပေါင်းလောင်းလှူကြသည်။
ထို့နောက် အဆိုပါစေတီတော်သာသနာ့ဗိမာန်တော်၌ ရေစက်ချအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့ရှေ့ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇဝနထံတော်မှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွား သရဇ္စျယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့ရှေ့ကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်း မှု အစုစုတို့အတွက် ရေစက်ချအနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကြ သည်။ ထို့နောက် တက်ရောက် လာသူများက အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ဆရာတော် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)