ကသာမြို့၊ ပတ္တမြားရပ်ကွက်၌ မဏိဥတ္တရာ အဘိဓမ္မာသင်တန်းနှင့် မဏိဥတ္တရာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်

ကသာ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ပတ္တမြားရပ်ကွက်၌ ဖွင့်လှစ်ခဲ့သည့် မဏိဥတ္တရာ အဘိဓမ္မာ သင်တန်းနှင့် မဏိဥတ္တရာယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်ပညာသင်ယူခဲ့သော သင်တန်းသားများအား ယမန်နေ့ညနေ (၄) နာရီအချိန်ခန့်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့၊ ပတ္တမြားရပ်ကွက်တွင် အဆိုပါအဘိဓမ္မာသင်တန်းကို ပထမအကြိမ် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး မွေးရပ်မြေအတွက် ပြန်လည်ကျေးဇူးဆပ်သည့် အနေဖြင့် မြတ်စွာဘုရားရှင် ၏ အမြတ်ဆုံးတရားဖြစ်သော အဘိဓမ္မာတရားတော် ပြန့်ပွားစေရန်အတွက် အဆိုပါ သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသင်တန်းကို ဧပြီလ(၄)ရက်နေ့မှ မေလ(၁၀) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အဘိဓမ္မာသင်တန်းအပြင် ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ် သင်ကြားပို့ချခဲ့ ကြောင်း သိရသည်။ သင်တန်းကို ဆရာတော် ဘဒ္ဒန္တဇိန (မဏိဥတ္တရာ အဘိဓမ္မာသင်တန်းသင်တန်းမှူး)နှင့် ဆရာတော် ဘဒ္ဒန္တကုဝေရ (မဏိဥတ္တရာ အဘိဓမ္မာသင်တန်း တွဲဖက်သင်တန်းမှူး)တို့မှ သင်ကြားပို့ချကာ သင်တန်းသားပေါင်း(၇၃)ဦးရှိကြောင်း၊ သင်တန်းကို နှစ်ပိုင်းခွဲ၍ ပို့ချခဲ့ပြီး အဘိဓမ္မာသင်တန်းတွင် စိတ်ပိုင်းနှင့် စေတသိက်ပိုင်းကို သင်ကြားပေးခဲ့ကြောင်း၊ မေလ(၁၈) ရက်နေ့တွင် စာမေးပွဲကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းတို့ကို ဆရာတော် ဘဒ္ဒန္တဇိန (မဏိဥတ္တရာ အဘိဓမ္မာ သင်တန်း သင်တန်းမှူး) ၏ မိန့်ကြားချက်အရ သိရသည်။

 

ခရိုင်