ကသာခရိုင်နှင့်ကောလင်းခရိုင်အတွင်းရှိ ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူကြို ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

ကသာ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကသာခရိုင်နှင့် ကောလင်းခရိုင် အတွင်းရှိ ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ Community Centre ခန်းမ၌ မူကြိုကျောင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိမှ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ဆောင်ရွက်ထားရမည့် ကျောင်းတွင်း/ပြင် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ မိဘ/အုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက် ကြိုတင် လေ့ကျင့်ထားရန်၊ ကျောင်းအုပ်အပါအဝင် ဆရာမများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့်အချက်များ၊ ကလေးများ၏ အချက် အလက်များရယူခြင်းနှင့် ကျောင်းခန်းများအတွင်း ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ ကျောင်းဝင်း အတွင်းနှင့် ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင် ထားရမည့် အချက်များ၊ ကျောင်းဝင်းအတွင်း ဆောင်ရွက်ရမည့် ကျန်းမာရေး စောင့်ရှောက်မှုများ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးရာ ဆွေးနွေးပွဲတက်ရောက်လာ သော တာဝန်ခံများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်း၌ မူလတန်းကြိုကျောင်းပေါင်း(၃၆)ကျောင်းရှိပြီး ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မူလတန်းကြို ကျောင်းများမှ ဆရာမများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)