လယ်ဝေး မေ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အ.ထ.က(၁)လယ်ဝေး ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် ပညာရေးမှူး ဒေါ်ခင်နှင်းယုက “ အနာဂတ် နိုင်ငံတော် ကြီးကောင်းမွန်ဖို့၊ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ဖို့၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ ပညာသင်ကြား ပေးနိုင်ဖို့နှင့် ကျောင်းသားကျောင်းသူတွေကို မှန်ကန်တဲ့စိတ်ဓာတ်တွေ မွေးထုတ်ပေးနိုင်ဖို့ ဆရာဆရာမတွေအနေနဲ့ လိုအပ်ပါတယ်။ ဒါမှသာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ကောင်းမွန် တဲ့ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု အမှာစကား ပြောကြား သည်။ ထို့နောက် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းကျော်သူ က မြို့နယ် အတွင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး(တာဝန်ခံ) ဦးဇော်လင်း က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားမိဘများအနေဖြင့် မိမိတို့ကလေးငယ်များ ပညာသင်ယူခွင့် နောက်မကျစေရန် ဆရာဆရာများနှင့် ကျောင်းသားမိဘများပူးပေါင်း၍ ကျောင်းအပ်နှံဖို့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော် မှ အခမဲ့ထောက်ပံ့ပေးသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို တက်ရောက်လာသူများက သက်ဆိုင်ရာကျောင်း များအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)