တပ်ကုန်း မေ ၂၇
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ထရံကာကျေးရွာတွင် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာရန်ပုံငွေစီမံကိန်း ခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းဆိုင်ရာ စာရင်းဇယားများဖြည့်သွင်း ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ကျေးရွာအတွင်းရှိ အသင်းသူ/အသင်းသားများ၏ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်း သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်းသီးနှံစိုက်ခင်းများနှင့် တစ်ပိုင်တစ်နိုင်မွေးမြူထားသော ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျေးရွာသည် ၂၀၁၉-၂၀၂၀ ခုနှစ်၊ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ကျပ်သိန်း(၂၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်