မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာတိုက်နယ်ဆေးရုံ၌ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုတို့အား ကြည့်ရှုအားပေး

 
မော်လိုက် မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကင်းတပ် ကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြပြီး ဆေးကုသမှုခံယူ နေသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းတပ်ကျေးရွာ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံကို လုံးဝပိတ်ထားခြင်းမရှိဘဲ မော်လိုက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပြည်သူများနှင့် ရပ်ဝေးမှပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေလ(၂၇)ရက်နေ့တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ကျား(၁၁)ဦး မ(၂၃)ဦး စုစုပေါင်း(၃၄)ဦးနှင့် အပြင်လူနာ(၄၀)ဦးခန့်တို့အား ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့သည် ကင်းတပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကာ ကျောင်းသား/ သူများအားလုံး ပညာသင်ကြားနိုင်ရန် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများနှင့် ကြိုတင်ပြင်ဆင် ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး