တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ကွင်းဆင်း စစ်ဆေး

တပ်ကုန်း ဩဂုတ် ၉

နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကြေညာထားရှိခြင်းဖြစ်ရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ မဲစာရင်းကပ်ထား ကြေညာမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့သည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်မြသန္တာဌေးနှင့်အတူ ဘုရင့်နောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်နှင့် ကျားသေအိုင်ကျေးရွာ အုပ်စုများသို့ သွားရောက်၍ မဲစာရင်းကပ်ထားမှု အခြေအနေ၊ မဲစာရင်းများ ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေနှင့် မဲစာရင်းများတွင် အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ပေးမှု အခြေအနေများ၊ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၅၅)အုပ်စု၊ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း တစ်သိန်းခုနှစ်သောင်း ကျော်ရှိပြီး၊ မဲရုံပေါင်း(၁၃၅)ရုံဖြင့် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)