စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီ အမှတ်စဉ်(၃/၂၀၂၁) အစည်းအဝေး တက်ရောက်

မုံရွာ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အမှတ်စဉ်(၃/၂၀၂၁) အစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကော်မတီဝင်များ၊  Snacks Mandalay Co, ltd မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က အဖွင့်အမှာ စကားပြောကြားရာတွင် “ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရင်းနှီး မြုပ်နှံမှုသည် အလွန်အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်အတွက် နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံ မှုများ စီးဝင်လာအောင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့်လည်း မိမိတို့ တိုင်းဒေသကြီး အတွင်း လူမူစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး ရင်းနှီးမြုပ်နှံမှု အခွင့် အလမ်းများကို ကောင်းမွန်စွာ အသုံးချနိုင်ရေး အဓိကထားရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံမှု မြင့်တင်ရေးကို ဆောင်ရွက်လျှက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သည့် စိုက်ပျိုးရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေနှင့် ဒေသခံပြည်သူများအား အလုပ်အကိုင်များ ဖန်တီးပေးနိုင်အောင် ရင်းနှီး မြုပ်နှံမှုများ ပိုမိုတိုးတက်လာအောင် ကော်မတီအနေဖြင့် ကြိုးစားဆောင်ရွက် သွားဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍအနေဖြင့် လယ်ယာထွက်သီးနှံအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ် ခြင်းလုပ်ငန်း (၃)ခု ရင်းနှီးမြုပ်နှံမှု ပမာဏ ကျပ်(၅၀၃၂.၂၂၅)သန်း ရင်းနှီးမြုပ်နှံမှု ဆောင်ရွက် သွားနိုင် ရေးအား အစည်းအဝေးသို့ တက်ရောက်လာ သူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ” ထည့်သွင်း ပြောကြား ခဲ့သည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦး က ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Snacks Mandalay Co, ltd မှ MD ဦးပြည့်ဖြိုးအေး က လယ်ယာထွက်ကုန်များ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရန်နှင့် ပြိုင်ဆိုင်မှုအတွက် အထောက်အပံ့ များစွာ ဖြစ်စေသော ပဲအမျိုးမျိုး၊ နှမ်းအမျိုးမျိုး၊ ကြက်သွန်စသည့် လယ်ယာထွက်သီးနှံအမယ်သစ် ပြုပြင်ထုတ်လုပ် သွားမည့် အခြေအနေများနှင့်  လယ်ယာထွက်သီးနှံအမယ်သစ် ပြုပြင်ထုတ်လုပ် ဆောင်ရွက်မည့် လုပ်ငန်း အခြေ အနေများအား Power Point ဖွင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်များနှင့် ကော်မတီ ဝင်များမှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး၍ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။