ဝန်းသိုမြို့နယ်တွင် ရေရရှိရေးလုပ်ငန်းနှင့် (VDP) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ဝန်းသို ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဆောင် ရွက်နေသည့်  ကျူ‌တော ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် (VDP)ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် မှန်လွှဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊  ပုတိမ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်းများ ကျောက်ရောမြေနှင့် ဂျင်းမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဌာနအင်ဂျင်နီယာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုဘတ်ဂျက် (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် (၁၂.၃၈ ) သန်း ဖြင့် တင်ဒါအောင်မြင်သည့် အောင်ခန့်ဝင်း ကုမ္ပဏီဆောင်ရွက်နေသော ကျူတောကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းမှာ အနက်ပေ ၂၅၀ ရောက်ရှိနေပြီး စက်ရေတွင်းတူးဖော်အောင်မြင်မှသာ ဆက်စပ် လုပ်ငန်းများဖြစ်သည့် ဂါလံ(၂၀၀၀)ဆံ့ရေကန်နှင့် (၁၀ပေ×၈ပေ×၈ပေ) ရှိ ရေစက်ရုံတို့ကို ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ထို့နောက် (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်နေသော မှန်လွဲကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ ငွေကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၀) သိန်းဖြင့် လမ်းအရှည်ပေ ၇၀၀ ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မကို ဆောင်ရွက်ရန် လျာထား သော်လည်း ကွင်းဆင်းစစ်ဆေးချိန်၌ အရှည်ပေ ၅၀၀ ခန့်ဆောင်ရွက်ပြီးစီးနေပြီး အရှည်ပေ (၁၀၀၀)ကျော်ရရှိစေရေန် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ပုတိမ်ကုန်း‌ကျေးရွာတွင် ရွာတွင်း လမ်း ကျောက်ရောမြေနှင့်ဂျင်းမြေခင်းခြင်းလုပ်ငန်းကို စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေကျပ် (၁၃.၆)သိန်းဖြင် ‌အရှည်ပေ ၃၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို ဆောင်ရွက်ရန် လျာထားသော်လည်း မြေပြင်တွင် ပြည်သူပူးပေါင်း ဆောင်ရွက်မှုဖြင့် လမ်းအရှည်ပေ (၆၀၀၀) ထိ ဆောင်ရွက် ပြီးစီးနိုင်ခဲ့ကြောင်း  မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာပေါင်း (၇)ရွာနှင့် (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀စီထောက်ပံ့ငွေဖြင့် ကျေးရွာပေါင်း (၂၃)ရွာ တို့တွင်  ဖွံဖြိုးရေးလုပ်ငန်း များကို ကျေးရွာပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင်