ဘီးလင်းမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဘီးလင်း   ဇွန်   ၂

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက် တစ်နှစ်အောက် ကလေးများအား အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ် အလိုက် ပုံမှန် ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင်လည်း စုရပ် နေရာများ၌ တာဝန်ကျ ဆရာ၊ဆရာမ များက ကွင်းဆင်း ၍ထိုးနှံပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင် မိခင်များ၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက် ပေးလျက်ရှိကြောင်း ဘီးလင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်ခင်မြင့် ထံမှသိရသည်။

ထူးနောင်