သထုံ ဇွန် ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မြသပိတ် တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာ မကျောင်းတိုက်၊ သထုံစာဖြေဌာန၌ ယမန်နေ့ နေ့လယ်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များ လာရောက်ဖြေဆိုနေကြကြောင်း သိရသည်။
သထုံစာဖြေဌာနတွင် ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယ စာမေးပွဲဝင်ရောက်ဖြေဆိုရန် သံဃာတော် ၅၇ ပါး နှင့် သီလရှင် ၅ ပါး၊ စုစုပေါင်း ၆၂ ပါး စာရင်းပေး သွင်းထားပြီး အဆိုပါနေ့တွင် သံဃာတော် ၃၇ ပါးနှင့် သီလရှင် ၃ ပါး၊ စုစုပေါင်း ၄၀ ပါး လာရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့ နာယကအဖွဲ့မှ ကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်များ ဆပ်ကပ် လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း စသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။