ကျိုက်မရောမြို့နယ်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုနည်း အသိပညာ ပေး Talk Show ပြုလုပ်

ကျိုက်မရော ဇွန် ၂

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦး ပြုစုနည်း အသိပညာပေး Talk Showအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီ အသင်းမှ တပ်ဖွဲ့မှူး ဦးမျိုးသန့်ဇော်က ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအသင်း အကြောင်း သိကောင်းစရာများ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအကြောင်းကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကြက်ခြေနီအသင်းမှ ဒုတိယတပ်ဖွဲ့မှူး ဦးမျိုးမင်းဦးက ရှေးဦးပြုစုနည်း အကြောင်းနှင့် ရှေးဦးပြုစုခြင်းများကို လက်တွေ့သရုပ်ပြသပေးသည်။ အဆိုပါ Talk Show အခမ်းအနားတွင် လူသားချင်း စာနာတတ်သည့် စိတ်ဓာတ်များ လူတိုင်းတွင်ရှိစေရန်နှင့် အရေး ပေါ်အသက် ကယ်နည်းဖြစ်သည့် ရှေးဦးပြုစုနည်းများကို ပြည်သူလူထုများနှင့် စာဖတ် ပရိတ်သတ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး