တပ်ကုန်းမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများဆောင်ရွက်

တပ်ကုန်း ဇွန် ၃

နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ  ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို  ဇွန် ၁ ရက်နေ့က စတင်၍  နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သုံးရက်တိုင်တိုင် အဆိုပါဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)၊  ဆုံဆို-ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများအား မေးခိုင် ကာကွယ်ဆေးကိုလည်း ထိုးနှံပေးခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေး ခဲ့ရာ ပထမနေ့တွင် ကလေးငယ်ပေါင်း(၄၂၂)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း(၁၃၀)ဦး၊ ဒုတိယနေ့တွင် ကလေးငယ်ပေါင်း(၆၈၀)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း(၁၀၃)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းနှင့် ကျန်းမာရေးဆောင်ရွက်ပေးကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်