နေပြည်တော် ဇွန် ၃
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးရာတွင် ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော လက်ဆေးဘေစင်များထားရှိမှု၊ အပူချိန် တိုင်းကိရိယာတိုင်းတာစစ်ဆေးမှု၊ ကျောင်းသား/ကျောင်းသူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မှုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားစေရေးအတွက် လုံခြုံရေးချထား ဆောင်ရွက်မှုများနှင့်ပက်သတ်၍ ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က လိုအပ်ချက်များအား ထပ်မံဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် အထက်တန်းကျောင်း(၆)ကျောင်း ၊ အထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း ၊ အလယ်တန်းကျောင်း(၄) ကျောင်း ၊ အလယ်တန်းကျောင်း(ခွဲ)(၅)ကျောင်း ၊ မူလတန်းလွန်ကျောင်း (၉)ကျောင်း ၊ မူလတန်းကျောင်း(၃ဝ)ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းအဆင့်သင် (၄)ကျောင်း စုစုပေါင်း (၆၃) ကျောင်းကို ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
အေးလင်းထွန်း (ပြန်/ဆက်)