ပုလဲ သြဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ယမန်နေ့မွန်းလွဲ ၂ နာရီက “ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဓာတုဓာတ်ကြွင်းအန္တရာယ် ” ခေါင်းစဉ်ဖြင့် တောင်သူလယ်သမားအစုအဖွဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ဒေသတွင်း တောင်သူများတွေ့ဆုံနိုင်ရန်၊တောင်သူများ၏ တစ်ဦးချင်း အတွေ့အကြုံများကို ဖလှယ်နိုင်ရန်၊ တောင်သူများ၏ အခက်အခဲပြဿနာများကို သိရှိပြီးဖြေရှင်း ပေးနိုင်ရန်နှင့် တောင်သူများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးကို ရည်ရွယ်၍ တောင်သူလယ်သမားအစုအဖွဲ့ဆွေးနွေးပွဲကို ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက သီးနှံစိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ပါဝင်သည့် နံရံကပ်ပိုစတာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး တောင်သူလက်စွဲ စာအုပ် များကိုလည်းကောင်း ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။
ထိုနောက်တောင်သူများက“သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ဓာတုဓာတ်ကြွင်းအန္တရာယ်”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တောင်သူများ၏ ဆွေးနွေးမှုများအပေါ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ခြုံငုံသုံးသပ်၍ ပြန်လည် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မုံသွင်ကျေးရွာနှင့်လှိုင်းကျေးရွာများမှ တောင်သူ ၂၀ ဦး တက်ရောက် ခဲ့ကြောင်းနှင့် တောင်သူလယ်သမားအစုအဖွဲ့ ဆွေးနွေးပွဲများကို ပုလဲမြို့မ နည်းပညာပြန့်ပွားရေးစင်တာ၊ မုံသွင်နည်းပညာပြန့်ပွားရေးစင်တာ၊ မင်းတိုင်ပင် နည်းပညာပြန့်ပွားရေးစင်တာ၊ သင်တီးကန် နည်းပညာပြန့်ပွားရေး စင်တာ၊ပုထိုးသာ နည်းပညာပြန့်ပွားရေးစင်တာများတွင် ဆက်လက်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)