စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

မြင်းမူ ဩဂုတ် ၁၀

ကိုဗစ်-၁၉ ရောဂါကြောင့်   ကျေးလက်နေပြည်သူများ၏   လူမှုစီးပွားရေးကဏ္ဍ  ထိခိုက်မှု များကို ပြန် လည် ကုစားရန်ရည်ရွယ်လျှက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေး နှစ်အတွင်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင်  အကောင်အထည် ဖေါ်ဆောင် ရွက်ပေးလျှက်ရှိရာ ညောင်းရင်းကျေးရွာတွင်း  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ဩဂုတ်လ (၁၀) ရက် နေ့ထိ (၃၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ဌာနကပံ့ပိုးပေတဲ့ ငွေကျပ်သိန်း(၁၀၀)မှ ငွေကျပ်သိန်း(၄၀)ကို  လမ်းခင်းခြင်းလုပ်ငန်းအတွက် လိုအပ်တဲ့ ကျောက်၊ ဘိလပ်မြေ၊ ပလစ်စတစ်၊ သဲစသည် တို့ကိုဝယ်ယူလုပ်ဆောင်ရကြောင်း၊ ကိုဗစ်ကာလမှာကျေးရွာသူ / သားတွေဝင်ငွေရရှိစေဖို့ လမ်းခင်းလုပ်အားခအဖြစ် တစ်ဦးလျှင် ငွေကျပ်(၆၀၀၀)ပေးရခြင်းဖြစ်ကြောင်း၊ ဌာနမှလမ်းအရှည်ကို ပေ(၈၈၀)သတ်မှတ်ထားပါကြောင်း၊ ကျေးရွာတွင်း  အလှူရှင်တွေနဲ့ အဝေး ရောက်အလှူရှင်များရဲ့ လက်ရှိလှူဒါန်းရရှိမှုအနေဖြင့် လမ်းအရှည် ပေ(၁၄၀၀)ခန့် ခင်းနိုင် မည်ဖြစ် ကြောင်းကျေးရွာတွင်း လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ထံမှသိရှိရသည်။

ယခုခင်းကျင်းလျှက်ရှိသော ကွန်ကရစ်လမ်းမှာ အကျယ်(၁၂)ပေနှင့် ထု(၆)လက်မဖြစ်ပြီး လမ်းအရည်အသွေးနှင့်ပါတ်သက်၍ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက    နေ့စဉ်လာရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)