သံဖြူဇရပ် ဇွန် ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် က မြန်မာနိုင်ငံတွင် အမျိုးသမီးကော်မတီ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ကော်မတီဝင်များ အားလုံးမှ ပူးပေါင်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ ကလေးသူငယ်များနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း လိုအပ်သည်များကို တင်ပြ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၃)လလျှင်တစ်ကြိမ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)