မော်လမြိုင် ဇွန် ၅
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ပြည်နယ်တရားသူ ကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက် ပွဲတော်ကို တက်ရောက် အမှာစကားပြောကြားပြီး မဟော်ဂနီ၊ သင်္ကန်း၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ယူက လစ်၊ ငုရွှေဝါ၊ ရင်ခတ်၊ စိန်ပန်းကြီး၊ စိန်ပန်းပြာ၊ မယ်ဇယ်၊ ပုန်းညှက်နှင့် ခရေပင် စုစုပေါင်း(၁၇၀၀)ပင်ကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများတို့က စိုက်ပျိုးခဲ့သည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက "ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် အာရုံစူးစိုက်မိ လာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနေမှု ပြဿနာများအနက် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ နှစ်အလိုက်ဖြစ်ပွားပေါ်ပေါက်နေသည့် အရေးကြီး ပြဿနာရပ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အဓိက စိန်ခေါ်နေမှုများကို ပိုမိုသိရှိပြီး အေးလးထားဖြေရှင်း ဆောင်ရွက်လာကြစေရန်၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရည်မှန်းချက်များနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေရန်တို့အတွက် တိုက်တွန်း နှိုးဆော်တဲ့အနေနဲ့ ယနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အလေးထားကျင်းပခြင်းဖြစ်ပါကြောင်း၊" "ကုန်လွန်ခဲ့ပြီးတဲ့ ၂၀၂၀ ပြည့်နှစ်ဟာ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေတဲ့ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများအပါအဝင် အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ ယခု ၂၀၂၁ ခုနှစ်ဟာ အကျည်းအတည်းကာလမှ ပြန်လည်ကောင်းမွန် လာစေရန် နည်းလမ်းကောင်းများနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး လူသားမျိုးနွယ်နှင့် ကမ္ဘာမြေရှင်သန် ရပ်တည်နိုင်ရေးအတွက် သဘာဝဂေဟစနစ်ကို ပြန်လည်ထူထောင်ရေးကလည်း အရေးတကြီး ဆောင်ရွက်ရမယ့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း" ပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်နှင့် ညီညွတ်သည့်မြို့ ဆုရရှိသည့် မော်လမြိုင်မြို့နယ်အား ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးနေထွဋ်ဦးမှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Gutteres နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ အမှုဆောင်ညွှန် ကြားရေးမှူး Inger Andersen တို့၏ Video clip အားပြသသည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video ကို ပြသပြီး ခင်းကျင်းပြသထားသော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြခန်း များကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)