ပုလဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းခန်းမ အဆောက်အဦအသစ် ဆောက်လုပ်နိုင်ရေး ပန္နက်တင်ပွဲ ကျင်းပ

ပုလဲ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက အာရှမုံရွာကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည့် ကျောင်းခန်းမ အဆောက်အဦ အသစ် ဆောက်လုပ်နိုင်ရေးအတွက် ပန္နက်တင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမအဆောက်အဦ အသစ် ဆောက်လုပ်မည့် မြေနေရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲအောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးလှထွဋ်နောင်၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးတင်ငွေနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တိုင်များကို ရိုက်ပေးခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲအောင်နှင့် တာဝန်ရှိသူများသည် ကျောင်းခန်းမ အဆောက်အဦအသစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက် များနှင့် ပတ်သက်၍ အာရှမုံရွာကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အဆိုပါ ကျောင်းခန်းမအဆောက်အဦသစ်သည် အလျား ၁၂၀ပေ၊ အန ၄၀ ပေ၊ အမြင့် ၁၅ ပေရှိသည့် RC တစ်ထပ် အမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၃၀ သန်းဖြင့် အာရှမုံရွာကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)