ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုး

ဝက်လက် သြဂုတ် ၁၀

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာတွင် အမှတ် (၆) လယ်ယာ မြေဝန်ဆောင်မှုစခန်းနှင့် ဝက်လက်မြို့ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း၍ တောင်သူဦးမိုး၏ လယ်ဧကများကို အစိုပျိုးထောင် စနစ်ဖြင့် ပျိုးထောင်ကာ ယနေ့ နံနက်ပိုင်း မှစ၍ ကောက်စိုက်စက်ဖြင့် စတင် စိုက်ပျိုးကြောင်း သိရသည်။

တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအား အသုံးပြုကာ စပါးအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်၍ ဝက်လက်မြို့ စက်မှု လယ်ယာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုးနှင့် ဝန်ထမ်းများနှင့် ဝင်းလက်မြေလယ်ယာ ဝန်ဆောင်မှုအသင်းတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေကြောင်း သိရသည်။

တောင်သူများ အနေဖြင့် အစိုပျိုးထောင်စနစ်ဖြင့် ပျိုးထောင်ကာ၊ ကောက်စိုက်စက်ကို အသုံးပြု ၍ စိုက်ပျိုးခြင်းဖြင့် လယ်ယာ လုပ်ငန်းခွင်အတွင်း လယ်ယာလုပ်သား ရှားပါးသော အခက်ခဲကို ပြေလည်စေမည်ဖြစ်ကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)