အင်းတော် ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဉ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အများပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် ဘဝတိုးတက်ရေး အကျိုးပြုစာပေများကို ဖတ်ရှုလေ့လာ တတ်စေရန်၊ ဖတ်ရှုသည့်စာပေများအား လေ့လာမှတ်သားတတ်စေရန်၊ စာပေအကြောင်းအရာများအား ပြန်လည်ဆွေးနွေး တတ်လာစေရန်၊ စာပေမှ သိရှိမှတ်သားလိုက်နာသင့်သည့် အကြောင်းအရာများကို ပြန်လည်ဝေမျှ ခံစားတတ်စေရန်နှင့် လက်တွေ့ ဘဝတွင် စာပေမှ ရရှိသည့် ပညာဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်သီဟ က ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများဖြစ်ကြသော အငြိမ်းစား ကျောင်းဆရာကြီး ဦးဝင်းမြင့် နှင့် ဦးကျော်ဝင်း တို့က စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဉ စာအုပ်မှ လူငယ်များအတွက် အလေ့အကျင့်ပြုလုပ်ရမည့် လိုက်နာ ဆောင်ရွက်ရမည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပိုဝယ်ခဲ့ပါ ပေါင်းစည်းလူငယ်ပရဟိတ အသင်းအဖွဲ့မှ လူငယ်လေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေး သူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ခန့်ဇော်ပိုင်( မြို့နယ် ပြန်/ဆက်)