တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေများထုတ်ချေးပေး

တမူး သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နေ့လယ်(၁၂) နာရီခွဲ အချိန်က တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာ လူငယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

တမူးမြို့နယ် ထန်းတပင်ကျေးရွာအနေဖြင့် (VRFP)ရန်ပုံငွေ သိန်း(၃၀၀)ရ ရှိခဲ့ပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ(၃၆) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၄၅)ဦး၊ အရောင်း အဝယ်လုပ် ငန်း လုပ်ကိုင်သူ(၁၅) ဦး စုစုပေါင်း(၉၆) ဦးတို့အား ချေးငွေများ ထုတ်ချေးပေးခဲ့သည်။

အဆိုပါ ကျေးရွာမတည်ငွေ စီမံကိန်း(VRFP)စီမံကိန်းသည် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဥ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တမူးမြို့နယ်တွင် အိမ်ခြေ(၅၁)နှင့်(၁၀၀)ကြားကျေးရွာ တစ်ရွာအား သိန်း(၂၀၀)၊အိမ်ခြေ(၁၀၁)နှင့်အထက်ရှိ ကျေးရွာ(၅)ရွာအား တစ်ရွာလျင် သိန်း(၃၀၀) စုစုပေါင်း(၆)ရွာအား အိမ်ခြေအလိုက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်နွယ်နွယ်ထွန်း ထံမှသိရှိရ သည်။

ကျော်သူရ(ပြန်/ဆက်)