နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

ပန်ဆောင် သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာတွင် အခြေခံပညာမူလတန်းအဆင့်မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထဟော(၂) ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် ပန်ဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ နန်းယွန်းမြို့နယ် ဒုလက်ထောက်ပညာရေးမှူး ဦးချစ်ကမ်နှင့် ပန်ဆောင် အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးရှန်ယုံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပန်ဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက အဖွင့်အမှာစကား ပြောကြားရာ  အခြေခံပညာကစပြီး ကောင်းမွန်သည့်အလေ့အကျင့် ကောင်းမွန်သည့် သင်ယူမှုများကို ဆရာ၊ ဆရာမများနှင့် အတူ ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဆိုပါက အရည်အသွေးပြည့်ဝကာ ကျောင်းစည်းကမ်း ပြည့်ဝမည် ဖြစ်ပြီး နောင်(၂)နှစ်(၃)နှစ်ကြာလျှင် အခြေခံပညာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်နိုင်မည် ဖြစ်ကြောင်းပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြား ခဲ့ကြသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အခြေခံပညာအလယ်တန်းကျောင်းသို့ ယောဂွမ်၊ နာလင်း၊ တောင်တင်းကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ လာရောက် ပညာ သင်ယူလျက်ရှိကြောင်းသိရသည်။

ဂျာယော်(ပန်ဆောင်ပြန်ဆက်)