ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပ

ဘောလခဲ ဩဂုတ် ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယနေ့နံနက် (၈)နာရီခွဲက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ဩဂုတ်(၈)ရက်မှ စပြီး ယနေ့အထိ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် ကော်မရှင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဘောလခဲမြို့နယ်တွင် အိမ်ထောင်စု(၂၀၈၈)စု၊ မဲဆန္ဒရှင် (၈၀၂၀) ဦး၊၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စု ၅၅၁၉စု၊ မဲဆန္ဒရှင် (၁၄၅၀၁) ဦး၊ အိမ်ထောင်စုပေါင်း(၅၃၁၄)စု၊ မဲဆန္ဒရှင်(၁၄၀၃၈)ဦးကို ဆောင်ရွက်ပြီး ဖြစ်ပါ၍ ၉၆.၈ ပြီးစီးခဲ့ပါကြောင်း၊ ယနေ့တွင် ကျန်ရှိနေသောသူများအား ပြီးပြတ် အောင် ဆောင်ရွက်သွားမည်ဟု သိရပါကြောင်း၊ မယ်စဲ့မြို့နယ်မှာလည်း အိမ်ထောင်စု (၁၉၅၅)စု၊ မဲဆန္ဒရှင်ပေါင်း (၄၉၁၆)ယောက်ရှိကြောင်း သိရှိရပါကြောင်း၊ထိုလုပ်ငန်းကိုလည်း ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်ရသည့် အစည်းအဝေးကိုလည်း မဲ့ဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ထိန်းသိမ်းခြင်း ဆောင်ရွက်မှုများတွင် ပံ့ပိုးကူညီသည့် အစိုးရဌာနများနှင့် စပ်လျဉ်း၍ အားနည်းချက်ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ ကွင်းဆင်းစစ်ဆေးရန်၊ကြီးကြပ်ရန်ဖြင့် စစ်ဆေး တွေ့ရှိသည့်အပေါ် ပြင်ဆင်ဆောင်ရွက်ချက်များနှင့် ပံ့ပိုးကူညီပေးသည့် အခြေအနေကို ပြန်လည် တင်ပြရန်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်စစ်ဆေးရေးအဖွဲ့အနေဖြင့် အားနည်းချက်၊ အားသာချက် များ ဖြစ်ပေါ်ရသည့်အခြေအနေများကို ပြည်နယ်အစိုးရသို့ တင်ပြသွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူးများက မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် နိုင်ခဲ့သည့် အပေါ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင် ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိုးရယ်